MONK SARANA’S BIOGRAPHY IN MYANMAR

ရှင်သရဏ ထေရုပ္ပတ္တိ (၂၀၁၂ ထိ)
မင်္ဂလာပါ၊

ဦးဇင်းအကြောင်းကို သိရရင် ဒကာ၊ ဒကာမတွေ ရတနာသုံးပါးနဲ့ သာသနာအပေါ် ကြည်ညိုသဒ္ဓါတိုးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဦးဇင်းက ဗမာစကားတတ်တယ်ဆိုပေမယ့် သိပ်မကျွမ်းပါဘူး။ ဒကာ၊ဒကာမတွေနားလည်အောင်တော့ တတ်နိုင်သလောက် ပြည့်ပြည့်စုံစုံ ပြောပါမယ်။

ဦးဇင်းက ချက်(ဇ်)သမ္မတနိုင်ငံသားတစ်ယောက်ဖြစ်ပါတယ်။ မိသားစုဝင်အားလုံးကလည်း ချက်(ဇ်)လူမျိုးပါ။ ဘေးတော်သူကတော့ ဂျာမန်လူမျိုးဖြစ်လို့ ဦးဇင်းက ဂျာမန်သွေးနည်းနည်း စပ်တာပေါ့။ ဦးဇင်း ၅-နှစ်အရွယ်မှာ အမေဆုံးသွားပါတယ်။ အဖေနဲ့ အဘွားကပဲ ဦးဇင်းကို စောင့်ရှောက်လာတာပါ။

ဦးဇင်းကိုကျောင်းထားတဲ့အရွယ်ရောက်တော့ စိတ်အားငယ်တဲ့ ကလေးတွေထားတဲ့ကျောင်းမှာ ထားပါတယ်။ ဒါပေမယ့် ဦးဇင်းက မှတ်ဉာဏ်ကောင်းပြီးစာတော်တာကြောင့် တခြားကျောင်းတွေ ပြောင်းတက်ခဲ့ရတယ်။

တက္ကသိုလ်ဝင်တန်းအတွက် နာမည်ကြီးတဲ့ ကျောင်းမှာ ၈-နှစ် တက်ခဲ့ပါတယ်။ ပြီးတော့ စီးပွားရေးပညာကို အင်္ဂလိပ်ကျောင်းမှာ တစ်နှစ်တက်ပြီး လက်မှတ်လည်းရခဲ့ပါတယ်။ ဦးဇင်း ၅နှစ်သားကတည်းက ဘဝရဲ့ အဓိပ္ပါယ်ကို ရှာဖွေခဲ့တယ်။ ဦးဇင်း ၁၅-နှစ်သားလောက်မှာ စိတ်နယ်လွန်တဲ့ စွမ်းအင်တွေကို လေ့လာဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါကြောင့် စာအုပ်တွေလည်း အများကြီးဖတ်ခဲ့တယ်။

ဦးဇင်း လူ့ဘဝတုန်းက အသက် ၁၉နှစ်လောက်မှာ အင်မတန်ချောတဲ့ ရည်းစားတစ်ယောက်ရှိခဲ့သလို အောင်မြင်တဲ့ စီးပွားရေးလည်း ရှိခဲ့ပါတယ်။ (ကေဘယ် တီဗွီတွေအတွက် ကန်ထရိုက်ယူတဲ့ အလုပ်ပါ) ဝင်ငွေကောင်းလို့ စူပါမားကတ်တွေသွားရင် ဈေးမကြည့်ပဲ ပစ္စည်းတွေဝယ်တတ်တယ်။ ရည်းစားကိုလည်း တအားချစ်ပေမယ့် အဲဒီအချိန်မှာသိလိုက်တာက ဦးဇင်းလိုချင်တာ ဒီဘဝမျိုးမဟုတ်ဘူး။ ဦးဇင်းနားလည်လာတာက ဘယ်လောက်ပဲ အလုပ်တွေကြိုးစားပါစေ၊ ဘယ်လောက်ပဲ သူလိုချင်တာတွေဖြည့်ဆည်းပေးရပါစေ တနေ့တော့ သူအိုလာမယ်။ နာလာမယ် နောက်ဆုံးတော့ သူသေသွားမှာပါပဲ။ အဲဒါဟာ တော်တော့်ကိုနည်းလမ်းမကျဘူးလို့ ထင်ခဲ့ပါတယ်။
အဲဒီအချိန် ဦးဇင်း ဘာသွားတွေ့လည်းဆိုတော့ ဗုဒ္ဓဘာသာဝင် ဘုန်းကြီးတွေဟာ စိတ်နယ်လွန်စွမ်းအင်တွေကို သိကြတယ်၊ ရကြတယ်ဆိုတာပဲ။

အဘိဉာဉ် ၆-ပါးအကြောင်းကို မြတ်စွာဘုရားဟောကြားခဲ့တဲ့ ပိဋကတ်သုံးပုံထဲက နေရာတော်တော်များများမှာ တွေ့ရပါတယ်။ အဲဒီထဲက တစ်ခုကတော့ သာမညဖလသုတ္တန် ( ဒီဃနိကာယ်) ပေါ့။

၁) ဒိဗ္ဗစက္ခု အဘိညာဉ်၊
၂) ဒိဗ္ဗသောတ အဘိညာဉ်၊
၃) ဣဒ္ဓိဝိဓ အဘိညာဉ်၊
၄) ပရစိတ္တဝိဇာနန အဘိညာဉ်၊
၅) ပုဗ္ဗေနိဝါသာနုဿတိ အဘိညာဉ်
၆) အာသဝက္ခယ အဘိညာဉ် တို့ဖြစ်ကြပါတယ်။

စိတ်နယ်လွန်ကိုလေ့လာရင်း မြတ်စွာဘုရားဟောတဲ့ အဘိညာဉ်ကို သိလာတယ်။ အဘိညာဉ်ထဲမှာမှ မြတ်စွာဘုရား အလေးထားဟောတဲ့ အာသဝက္ခယ အဘိညာဉ် (နိဗ္ဗာန်)ကို ပိုပို စိတ်ဝင်စားလာခဲ့တယ်။ ဒါကြောင့် ဦးဇင်းကိုယ်တိုင်လည်း ရဟန်းတစ်ပါးဖြစ်ဖို့ စိတ်တအားထက်သန်ခဲ့တယ်။

ဘဝမှာ ဦးဇင်းတို့ဘာပဲလုပ်လုပ်၊ ဘယ်လောက်ပဲကြိုးစားကြိုးစား တနေ့တော့ ဦးဇင်းတို့အားလုံး အိုကြရဦးမယ်၊ နာကြရဦးမယ်။ ပြီးတော့ သေကြရဦးမယ်။ ဦးဇင်းတို့ ဘာပဲလုပ်လုပ်၊ ဘယ်လိုပဲ တစ်ပါးသူကို ကူညီကူညီ၊ နောင် နှစ် ၁၀၀မှာ ဘယ်သူမှ မရှိတော့ဘူး။ တစ်ချိန်ချိန်မှာ နိုင်ငံတွေလည်း ပျက်စီးမယ်၊ ပုံစံတွေလည်းပြောင်းမယ် နောက်ဆုံး ကမ္ဘာကြီးပါ ပျက်ဆီးလိမ့်မယ်။ ဦးဇင်းတို့ အတိတ်ဘဝတွေမှာ ထောင်ပေါင်းများစွာသောဇနီးတွေရှိခဲ့ဖူးတယ်။ ထောင်ပေါင်းများစွာသော ဘဝတွေမှာ ဘုရင်ဖြစ်ခဲ့ဖူးတယ်။ သူဌေးကြီးတွေ၊ အောင်မြင်ကျော်ကြားသူတွေဖြစ်ပြီး အချွေအရံတွေနဲ့ နေခဲ့ဖူးကြတယ်။ ဒီဘဝမှာ အောင်မြင်ချင်တဲ့ အရာအားလုံး အတိတ်ဘဝတွေက အောင်ဖြင်ခဲ့ဖူးတယ်။ အဲဒီအတိတ်ဘဝတွေမှာ သေဆုံးခဲ့ကြပြီး အောင်မြင်ခဲ့သမျှ ပျောက်ဆုံးခဲ့ပြီ။ ဒီဘဝမှာ အဲဒါတွေရဖို့ အကြီးအကျယ် ထပ်လုပ်ကြရလိမ့်ဦးမယ်။

ကမ္ဘာပေါ်မှာ လူတွေမရနိုင်ခဲ့တာ ဘာမှမရှိပါဘူး။ ဒါပေမယ့် ရခဲ့သမျှဟာ အလဟဿပါပဲ ။ (အလကား)
ဒါပေမယ့် ဦးဇင်းတို့ မရသေးတာ တစ်ခုရှိပါတယ်။ အဲဒါကတော့ အမတ အမြိုက် နိဗ္ဗာန်ပဲဖြစ်ပါတယ်။ နိဗ္ဗာန်ဆိုတာ ဦးဇင်းတို့အားလုံးအတွက် တစ်ခုတည်းသော မရဖူးသေးတဲ့ အရာဖြစ်တယ်။ ဒါဟာ တစ်ခုတည်းသော ပန်းတိုင်လည်းဖြစ်တယ်။ အဲဒါက အဆုံးအစမရှိပါဘူး။

ဒီမှာ ဦးဇင်းအတွက် ရွေးချယ်စရာ ၂-ခု ဖြစ်လာပါပြီ။

၁) လူတစ်ယောက်လို အလုပ်ကြိုးစားပြီး အိုနာသေနဲ့ ရင်ဆိုင်မလား။
၂) ဘုန်းကြီးတစ်ပါးလို အလုပ်ကြိုးစားပြီး မအိုမနာမသေတဲ့ အမတ နိဗ္ဗာန်ကိုရွေးမလား။

ဒါဆိုရင် သေချာတာပေါ့။ ဒုတိယလမ်းကိုပဲ ဦးဇင်းရွေးမှာပေါ့။

ဦးဇင်းရဲ့ ဆုံးဖြတ်ချက်က သိပ်သေချာပါတယ်။ ဘယ်တော့မှ မပျက်ဆီးနိုင်လောက်အောင် သိပ်သေချာပါတယ်။ ကျန်တဲ့ သက်တမ်းတစ်လျောက်လုံး နိဗ္ဗာန်ရဖို့ နှစ်မြှုပ်ထားလိုက်တော့မယ်။ တကယ်လို့ ဒီအဘိညာဉ် ၆-ပါးကို မရဦးတော့ တတ်နိုင်သမျှ နီးစပ်အောင်တော့ ကြိုးစားသွားမယ်။ ဒါနဲ့ သီရိလင်္ကာမှာ ကိုရင်ဝတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီအချိန် လူမှှုရေးဆိုင်ရာ သိပ္ပံပညာရပ်တက်ဖို့ တက္ကသိုလ်ဝင်ခွင့်ကလည်း အောင်မြင်နေပြီ။ ဒါပေမယ့် ကိုရင်ဝတ်ချင်တာကြောင့် ပညာရေး၊ စီးပွားရေး၊ မိသားစု၊ နိုင်ငံအကုန်စွန့်ပြီး သီရိလင်္ကာကိုသွားဖို့ပဲ အလောတကြီးလုပ်ခဲ့ပါတယ်။

သီရိလင်္ကာကိုရောက်တော့ သီရိလင်္ကာက ” ဗုဒ္ဓဘာသာနှင့်ပါဠိ တက္ကသိုလ် ” မှာ ကိုရင်ဘဝနဲ့ ဗုဒ္ဓဘာသာ၊ ဒဿနိကဘေဒ၊ ပါဠိစကား၊ ဘာသာရေး စတဲ့ ဘာသာရပ်တွေကို သင်ယူခဲ့ပါတယ်။ အတန်းတိုင်းလည်း ပထမ ရခဲ့ပါတယ်။

ဆွမ်းခံထွက်ခြင်း မရှိသလောက် ရှားပါးနေတဲ့ သီရိလင်္ကာနိုင်ငံမှာ ဆွမ်းဝတ်မပြတ်စေဘဲ မနက်တိုင်း ဆွမ်းခံကြွပါတယ်။ အဲဒီဆွမ်းတစ်နပ်ကိုသာ မှီဝဲခဲ့ပါတယ်။ မနက်၁၀နာရီကျော်ရင် ဘာမှမစားတော့ဘူး။ ရေပဲဘုဉ်းခဲ့ပါတယ်။ ကိုရင်ဘဝမှာ သင်္ကန်း ၄ ထည်ထက် ပိုမသုံးခဲ့ပါဘူး။ ခု ဦးဇင်းဖြစ်လာတော့ ၃-ထည်ပဲ သုံးပါတယ်။ မွေ့ယာ၊ ခြင်ထောင်မသုံးဘဲ ကြမ်းပြင်ပေါ်မှာအိပ်ပါတယ်။ ခေါင်းအုံးအစား သင်္ကန်းကို ခေါက်ပြီးသုံးပါတယ်။ ညတိုင်း ၄နာရီပဲ အိပ်ပါတယ်။ ကျန်တဲ့အချိန်တွေမှာ ဗမာစကားလေ့လာတယ်။ ကွန်ပျူတာနဲ့ အလုပ်လုပ်ရင်လုပ် ဒါမှ မဟုတ် ဘာဝနာပွားပါတယ်။ ဖိနပ်လည်း မစီးတော့ဘူး ။ လုံးဝလည်းမရှိသလို ဘယ်တော့မှလည်းလက်မခံပါဘူး။ ကိုရင်စဝတ်ကတည်းက ပိုက်ဆံလည်း ဘယ်တော့မှ မသုံးတော့ပါဘူး။ သီရိလင်္ကာမှာ နေတဲ့ တောက်လျောက်လုံး ရူပီးသုံးပြီး ဈေးမဝယ်ဖူးပါဘူး။ . လူတွေပိုက်ဆံလှူရင်လည်း ငြင်းပါတယ်။ မတော်တဆ လှူဖွယ်ထဲ ပါလာခဲ့ရင် သူများကို မြန်မြန်ပေးလိုက်တယ်။ ကိုရင်ဝတ်ကတည်းက လိုအပ်ခဲ့သမျှ အသုံးအဆောင်တွေဟာ ဒကာဒကာမတွေ ဒါမှမဟုတ် တခြားဦးဇင်းတွေက လှူထားတာတွေဖြစ်ပါတယ်။

ကိုယ့်စီးပွား၊ မိသားစု၊ နိုင်ငံ အဲဒါတွေ အကုန်စွန့်ပြီး အလှူခံလို့ရတာနဲ့သာ တင်းတိမ်ယောင့်ရဲတဲ့ ဗုဒ္ဓအလိုတော်ကျ နေထိုင်မှုမျိုးဖြစ်ဖို့ ဘယ်လောက် အားထုတ်ခဲ့လည်းဆိုတာ သဘောပေါက်မှာပါနော်။ ကိုယ့်ကိုယ်ကိုတော့ အားမရနိုင်သေးပေမယ့် ဒကာဒကာမတွေ ကြည်ညိုစရာ တော့ဖြစ်ခဲ့မယ်ထင်ပါတယ်။ ဒီအချက်ကြောင့်ပဲ သီရိလင်္ကာက ဒကာတွေကလည်း ဦးဇင်းကို အများကြီး ကူညီကြတယ်။ သီရိလင်္ကာမှာ ကိုရင်ဘဝနဲ့ ၅-နှစ် သီတင်းသုံးခဲ့ပေမယ့် ဦးဇင်းလိုရည်ရွယ်ချက်တူသူ မတွေ့ဖူးသေးပါဘူး။ ဒါကလည်း သီရိလင်္ကာမှာ မျှော်လင့်ချက်ထားလို့ မရဘူးထင်ပါတယ်။ ဦးဇင်းလျှောက်ချင်တဲ့ သာသနာခရီးမြန်မာနိုင်ငံမှာ ရှိလိမ့်မယ်။ဒါကြောင့် မြန်မာနိုင်ငံကိုလာဖို့ ဆုံးဖြတ်ခဲ့တယ်။

ဦးဇင်း ရွှေဥမင်မှာ ၅-ဝါ သီတင်းသုံးခဲ့ပါတယ်။ အခု လှည်းကူးမြို့နယ် စခန်းကြီးတောရမှာ သီတင်းသုံးပါတယ်။ ကမ္ဘာမှာ ပထမဆုံးသော ချက်ဇ်- မြန်မာ – အင်္ဂလိပ် အဘိဓာန်ကိုလည်း ဒုတိယအကြိမ် ပုံနှိပ်နိုင်ဖို့ ပြင်ဆင်နေပါတယ်။ ဒကာ ဒကာမတွေ ပိုပြီးတရားအားထုတ်နိုင်အောင် ဦးဇင်း တရားပြတဲ့ ဗွီဒီယို ရိုက်ကူးရေးလည်း လုပ်နေပါတယ်။ လောလောဆယ် ဦးဇင်းဆီလာတရားအားထုတ်တဲ့ မြန်မာလူမျိုးနဲ့ နိုင်ငံခြားသားအချို့ကိုလည်း တရားပြပေးပါတယ်။

ဦးဇင်းက မြန်မာနိုင်ငံသားအဖြစ် ခံယူချင်ပါတယ်။ မြန်မာနိုင်ငံသားဖြစ်ရင် မြန်မာနိုင်ငံမှာ တောထွက်နိုင်ပါမယ်။ သေချာပါတယ်။ ဦးဇင်းဒီဘဝလမ်းကြောင်းကို လျှောက်တာ သာသနာကို အကျိုးပြုမယ်လို့ ယုံပါတယ်။
ဦးဇင်းကို ကိုယ့်နိုင်ငံမှာ ကိုယ် သာသာနပြန်မပြုဘူးလားလို့ ခဏခဏမေးကြပါတယ်။ ဦးဇင်းအနေနဲ့ အပြစ် ၈-မျိုးကင်းတဲ့ သစ်တုံးလို သမုဒ္ဒရာထဲ အရင်ရောက်ချင်ပါတယ်။ ဦးဇင်းသာ နိဗ္ဗာန်ရမယ်ဆိုရင် ဒီဘဝမှာတင် စစ်မှန်သော ဓမ္မဆိုတာရှိကြောင်း သက်သေပြနိုင်တာပေါ့။ ဦးဇင်းသာ နိဗ္ဗာန်ကို မြင်နိုင်ရင် တခြားသူတွေ နိဗ္ဗာန်ရောက်အောင်လည်း သင်ပေးနိုင်မှာပေါ့။ ဒီလိုနည်းနဲ့ စစ်မှန်တဲ့ တရားဓမ္မတွေ လက်ဆင့်ကမ်း သာသနာပြုဖို ဦးဇင်းဆောင်ရွက်ချင်ပါတယ်။

ပျော်ရွှင်ပါစေ၊
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာပါစေအရှင်သရဏ (ချက်ဇ်)